U Than Htike Lwinမင်္ဂလာပါခင်ဗျာ…

ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA) မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါတယ်။

ကျွန်တော်များ YRYEA အသင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်စီးပွားရေးလုပ်ငန်းရှင်များနှင့် လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ထားသော အကျိုးအမြတ်မယူသော non-government organization အသင်း တစ်သင်း ဖြစ်ပါသည်။ အသင်းတွင် မတူညီသော စီးပွားရေးနယ်ပယ်အသီးသီးမှ အောင်မြင်လျက်ရှိသော လူငယ်လုပ်ငန်းရှင် အမြောက်အမြားနှင့် ပါဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် မိတ်ဆွေသည်လည်း အနာဂတ် တွင် အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာမည်ဟု ယုံကြည်ပါသည်။

မိတ်ဆွေဟာ စွန့်ဦးတီထွင်စီးပွားရေးခရီးစဉ်ကြီးကို လျှောက်လှမ်းဖို့ရာအတွက် အခွင့်အလမ်းတစ်ခုအနေဖြင့် ကျွန်တော်များအသင်းမှ ခေတ်နှင့်လျော်ညီစွာ စဉ်ဆက်မပြတ် စီစဉ်ထားရှိသော ပညာရပ်ဆိုင်ရာ ဟောပြောပို့ချမှုများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လေ့လာရေး ခရီးစဉ်များနှင့် သက်ဆိုင်ရာလုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ချိတ်ဆက်ပေးခြင်းများကို ကျွန်တော်တို့ YRYEA ညီအစ်ကိုမောင်နှများနှင့်အတူ ပျော်ရွှင်စွာဖြင့် အတွေ့အကြုံများကို ဖလှယ်၍ ပူးပေါင်းပါဝင် သင်ယူလေ့လာ ဆည်းပူးနိုင်ပါကြောင်းလည်း အသိပေးအပ်ပါသည်။ လူကြီးမင်းအနေဖြင့် အသင်းဝင်အမှတ်ကို မှတ်သားထားရမည်ဖြစ်ပြီး အသင်းမှပြုလုပ်သော သင်တန်းနှင့် အခြားသောပွဲများတွင် ယင်းအသင်းဝင် အမှတ်ကို အသုံးပြုပြီး တက်ရောက်ရမည်ဖြစ်ပါသည်။

YRYEA အသင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ လူငယ်စီးပွားရေးလုပ်ငန်းရှင်များအကြား စွန့်ဦးတီထွင် ဂေဟစနစ် Entrepreneurship Ecosystem တစ်ခုကို စနစ်တကျဖော်ဆောင်သွားမည်ဖြစ်ပါသည်။ မိတ်ဆွေအနေဖြင့် ယနေ့မှစတင်၍ လုပ်ငန်းရှင်အသင်းသား Executive Member များအတွက် အသင်းဝင်အကျိုးခံစားခွင့်အားလုံးကို ရရှိခံစားနိုင်မည်ဖြစ်ပြီး အသင်းဝင်သက်တမ်း ၁ နှစ်ကျော်သွားပါက နောင်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင်လည်း မဲပေးပိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။ အသင်းဝင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး လုင်ငန်းနှင့်ပတ်သက်သော အသိပညာများနှင့် မိတ်ဆွေအပေါင်းအသင်းများ တိုးပွားရရှိလာမည်ဟု ယုံကြည်ပါသည်။ ထို့အပြင် ကျွန်တော်များအသင်း၏ မိခင်အသင်းကြီးဖြစ်သော မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း MYEA ၏ အသင်းသားအဖြစ်လည်း တစ်ချိန်တည်းတွင် သတ်မှတ်ခြင်းခံယူ၍ မြန်မာနိုင်ငံအနှံ့အပြားရှိ MYEA ညီအစ်ကိုမောင်နှမများနှင့်အတူ မိတ်ဆွေ၏ အနာဂတ်ကို အကောင်းဆုံးထုဆစ် ဖော်ဆောင်နိုင်ပါကြောင်း ဆုတောင်းမေတ္တာသဝဏ်လွှာဖြင့် နှုတ်ခွန်းဆက်သ လိုက်ပါတယ် ခင်ဗျာ။

ဦးသူရိန်အောင်
ဥက္ကဋ္ဌ
ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း